မေးလေ့ရှိသော မေးခွန်းများ
Ceno ဘရောက်ဇာ ဆိုတာဘာလဲ။
Ceno သည် Mozilla Android အစိတ်အပိုင်းများတွင် အခြေခံထားသည့် မိုဘိုင်းဝဘ်ဘရောက်ဇာတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဗဟိုချုပ်ကိုင်ခြင်းမရှိသည့် ဖိုင်မျှဝေခြင်းကွန်ရက်တစ်ခုဖြစ်သောBitTorrentကို အသုံးပြုပြီး ဝဘ်အကြောင်းအရာများ(ဝဘ်ဆိုက်များ)ကို ရယူခြင်းနှင့် ဖြန့်ချိခြင်းများအတွက် ဖန်တီးထားခြင်းဖြစ်ပါသည်။ လက်ရှိ အင်တာနက်ဆင်ဆာဖြတ်တောက်ခြင်းနည်းလမ်းများကို ရှောင်ရှားခြင်းနှင့် အင်တာနက်ကွန်ရက် ဖြတ်တောက်ခံရခြင်း သို့မဟုတ် ထိန်းချုပ်ခံရခြင်း တို့ ဖြစ်ပေါ်နေသည့်နေရာများတွင် နေထိုင်သည့် လူများအား ဝဘ်အချက်အလက်များကို ရယူခွင့်နှင့် မျှဝေခွင့်တို့ ရရှိစေခြင်းက Ceno ၏ အားသာချက်ဖြစ်ပါသည်။
Ceno မည်ကဲ့သို့ အလုပ်လုပ်သနည်း။
ဝဘ်ဆိုက်တစ်ခုအား သင့်ကွန်ရက်မှ တဆင့် ဝင်ရောက်နိုင်ပါက(ဥပမာ၊ www.canada.caကို သင့် အိမ်ရှိ အင်တာနက်မှတဆင့် ဝင်ရောက်ခြင်း) Ceno သည် ၎င်းအား ပုံမှန် ဝဘ်ဘရောက်ဇာကဲ့သို့ ချိတ်ဆက်လိမ့်မည်။
ကွန်ရက် စစ်ထုတ်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းများကြောင့် ဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုခွင့်မရသောအခါ Ceno သည် ဝဘ်အကြောင်းအရာများကို သင့်အတွက် ရယူနိုင်ရန် ကြိုးပမ်းလိမ့်မည်။ Ceno သည် ဝဘ်အကြောင်းအရာများကို မည်ကဲ့သို့ ရယူသည်မှာ Ceno တွင် သင်အသုံးပြုထားသည့် အများသုံး သို့မဟုတ် တကိုယ်ရည်သုံးမုဒ်ပေါ်တွင် မူတည်ပါသည်။
အများသုံးမုဒ်တွင် Ceno သည် သင် တောင်းဆိုထားသည့် စာမျက်နှာအား အခြားသော Ceno အသုံးပြုသူမှ လတ်တလောတွင် မျှဝေထားခြင်း ရှိမရှိကို BitTorrent ကွန်ရက်ထဲတွင် ဝင်ရောက် ကြည့်ရှုလိမ့်မည်။ အကယ်၍ ဝန်ဆောင်မှုမှ သင် တောင်းဆိုသည့် စာမျက်နှာအား ရှာဖွေတွေ့ရှိပါက ၎င်းစာမျက်နှာအား အခြားသော အသုံးပြုသူ၏စက်မှ တဆင့် ပြန်လည်ရယူပေးပါလိမ့်မည်။ အကယ်၍ ဝန်ဆောင်မှုမှ ဝဘ်အကြောင်းအရာများကို မရရှိနိုင်ပါက Ceno သည် ၎င်းဝဘ်ဆိုက်ကို တောင်းဆိုရန် မြောက်များစွာသော ထိုးသွင်းစက်များကို ဆက်သွယ်ပြီးနောက် ရရှိပါက သင့်ထံသို့ ပို့ဆောင်ပေးပါလိမ့်မည်။
တကိုယ်ရည်သုံးမုဒ်တွင် ၎င်းဝဘ်ဆိုက်ကို ရယူရန် သင်သည် ထိုးသွင်းစက်များကိုသာ ဆက်သွယ်ပြီးနောက် သင့်ထံသို့ ပို့ဆောင်ပေးပါမည်။ ထိုရှာဖွေမှုသည် BitTorrent ကွန်ရက်ကို မဆက်သွယ်ပါ၊ အခြားအသုံးပြုသူများ၏ စက်များမှ အကြောင်းအရာများကိုလည်း ရှာဖွေရန် မကြိုးစားပါ။
သင့် Ceno သုံးစွဲသူသည် ထိုးသွင်းစက်အား အမြဲတမ်းဆက်သွယ်နိုင်သည်ကို သေချာစေရန် ကျွန်ုပ်တို့သည် တံတားများကိုလည်း ဖန်တီးထားပါသည်။ အကယ်၍ သင့်ကွန်ရက်သည် ထိုးသွင်းစက်များအား ပိတ်ဆို့ထားပါက Ceno အပ်ပ်သည် အလုပ်လုပ်နိုင်သည့် တံတားများကို ရှာဖွေလိမ့်မည်၊ ၎င်းတံတားများသည် သင့်တောင်းဆိုချက်အား ထိုးသွင်းစက်များထံ ပို့ပေးလိမ့်မည်။ လက်ရှိအချိန်အထိ Ceno ကွန်ရက်သည် တံတား ၆,၀၀၀ ဝန်းကျင် အလုပ်လုပ်နေသည်။ ထိုကိန်းဂဏန်းမှာလည်း အမြဲတမ်း တိုးတက်လျက် ရှိပါသည်။
Ceno အလုပ်လုပ်ပုံ၏ အသေးစိတ် ရှင်းပြချက်များအား သိရှိလိုပါက ကျေးဇူးပြုပြီး အသုံးပြုသူလမ်းညွှန် ကို ဖတ်ရှုပါ။
Ceno အလုပ်လုပ်ပုံ၏ ပိုမိုနားလည်လွယ်သည့် ရှင်းပြချက်များအား သိရှိလိုပါက ကျေးဇူးပြုပြီး ဤနေရာတွင်ဖတ်ရှုပါ။
Ceno ကို အသုံးပြုခြင်း၏ အားသာချက်များမှာ အဘယ်နည်း။
ကျွန်ုပ်တို့၏ ဆောင်ပုဒ်မှာ 'ဝဘ်ကို မျှဝေပါ' ဖြစ်ပါသည်၊ ၎င်းသည်ပင် Ceno အသုံးပြုသူများ၏ အသုံးပြုရခြင်း ရည်ရွယ်ချက်ပင် ဖြစ်သည်။ ဝဘ်စာမျက်နှာ အများစုတွင် ပုံသေ အကြောင်းအရာများရှိသည် (သင် ဖတ်ရှုရန်၊ ကြည့်ရှုရန်၊ နားထောင်ရန် အစရှိသည်ဖြင့်)။ ပုံသေ ဝဘ်အကြောင်းအရာများသည် ထုပ်ပိုးပြီးနောက် အခြားသောအသုံးပြုများရှာဖွေနေသည့် တူညီသော အကြောင်းအရာများကို မျှဝေနိုင်သည်။ ဤမျှဝေခြင်းအတွက် Ceno သည် BitTorrent ဖိုင်မျှဝေခြင်း ကွန်ရက်ကို အသုံးပြုထားသည်။
ကွန်ရက်တစ်ခုတွင် ဝဘ်ဆိုက်များကို ဆင်ဆာဖြတ်တောက်သောအခါ သို့မဟုတ်၊ ကွန်ရက်သည် အားနည်းနေသည့်အချိန် သို့မဟုတ် မတည်ငြိမ်ဖြစ်နေသည့် အချိန်များတွင် Ceno ၏ အကျိုးကျေးဇူးများသည် ထင်ရှားလာသည်။ ယခု အခြေအနေများတွင် Ceno အသုံးပြုသူသည် အကြောင်းအရာများကို ရယူနိုင်ရန်နှင့် ၎င်းတို့အား သင့်စက်ထဲသို့ ပို့ဆောင်နိုင်ရန် ထပ်ဆောင်းနည်းလမ်းများကို အားကောင်းအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။ အသုံးပြုသူများအား ၎င်းတို့ မကြာသေးမီက ရှာဖွေထားသည့် အကြောင်းအရာများအား မျှဝေရန် ဖွင့်ထားခြးင်းဖြင့် Ceno သည် အင်တာနက်အား ဝင်ရောက်နိုင်စွမ်းကို သာမန်ထက် ပိုမို ကျယ်ပြန့်လာစေပါသည်။ သင်သည် ဝဘ်အကြောင်းအရာများကို ရယူခြင်း ကန့်သန့်ထားသည့် နေရာများ၌ နေထိုင်နေသောအခါ သို့မဟုတ် အင်တာနက်ကို ထိန်းချုပ်ထားသည့် နေရာများ၌ နေထိုင်နေသောအခါ အခြားသော ဝန်ဆောင်မှုများက မရရှိနိုင်သောအချိန်တွင် Ceno သည် သင့်အား သတင်းအချက်အလက်များကို ရယူနိုင်ရန် ခွင့်ပြုလိမ့်မည်။
အင်တာနက် ဆင်ဆာဖြတ်တောက်ခြင်းမရှိသည့် နိုင်ငံများ သို့မဟုတ် စိတ်ချရသည့် အင်တာနက်ကို ရရှိနိုင်သည့် နေရာဒေသများမှ Ceno အသုံးပြုသူများသည် ပြင်းထန်စွာ အင်တာနက် ကန့်သတ်ခံထားရသည့် နေရာဒေသအတွင်းရှိ အသုံးပြုသူများအတွက် ပေါင်းကူးများအဖြစ် ဆောင်ရွက်ပေးရန် ရွေးချယ်နိုင်သည်။ ကွန်ရက်သည် ပေါင်းကူးအသစ်များကို အလိုအလျောက် စာရင်းသွင်းထားပြီး ၎င်းတို့ အင်တာနက်မရှိသောအချိန်တွင်လည်း ဆက်လက် ခြေရာခံသည်။ ပေါင်းကူးတစ်ခုအား အလုပ်လုပ်ခြင်းသည် အလွန်ရိုးရှင်းသော်လည်း ထိရောက်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး သင်သည် အခြားသူများအား အင်တာနက် ရရှိနိုင်အောင် ကူညီခွင့်ပြုသည်။
Ceno - နှင့် ကိရိယာ၏ အတူတကွ အလုပ်လုပ်နေသော အစိတ်အပိုင်းများအားလုံးသည် အသုံးပြုသူများအချင်းချင်းနှင့် ဆက်သွယ်ရေးဆုံးမှတ်များ၏ ဗဟိုချုပ်ကိုင်မှုမရှိသောကွန်ရက်တစ်ခုကို ဖန်တီးနိုင်သည်၊ ၎င်းသည် အခမဲ့ဖြစ်ပြီး ပွင့်လင်းရင်းမြစ် ဆော့ဖ်ဝဲလ် ဖြစ်သည်။ သင့်အနေဖြင့် ကျွန်ုပ်တို့၏ ကုဒ်များကို ကြည့်ရှုနိုင်သည် သို့မဟုတ် ကွန်ရက်တစ်ခုလုံးကို သင်ကိုယ်တိုင် ဖန်တီးနိုင်သည်။
Ceno ကို အသုံးပြုခြင်း၏ အန္တရာယ်များမှာ အဘယ်နည်း။
အသုံးပြုသူများအတွက် အန္တရာယ်များ
ထိလွယ်ရှလွယ်သော အသုံးပြုမှုများနှင့် ပတ်သက်သည့် အားလုံးသောနည်းပညာများ၌ ကိုယ်ပိုင် အားသာချက်များနှင့် အန္တရာယ်များ ရှိပါသည်။ Ceno သည် ၎င်း၏ လမ်းကြောင်းရှာခြင်းများနှင့် အချက်အလက်သိုလောင်မှုများကဲ့သို့သော လိုအပ်ချက်အများစုအတွက် အများသုံး BitTorrent ကွန်ရက်ကို အသုံးပြုရန် ဖန်တီးထားသည်။ BitTorrent ကွန်ရက်(အများသုံးမုဒ်)တွင် အကြောင်းအရာ၏ အပိုင်းအစတစ်ခုကို သင် တောင်းဆိုလိုက်သည့်အခါတိုင်း သို့မဟုတ် မျှဝေလိုက်သည့်အခါတိုင်း ၎င်းဝဘ်ဆိုက်မှ ရရှိလာသည့် အကြောင်းအရာ၏ အပိုင်းအစနှင့်တကွ သင့် IP လိပ်စာတို့ပါဝင်သည့် မှတ်တမ်းတစ်ခုအား သင် ဖန်တီးလိုက်သည်။ ဥပမာ၊ website.com နှင့် ဆက်စပ်နေသည့် IP လိပ်စာစာရင်းကို BitTorrent ကွန်ရက်အား မည်သူမဆို မေးမြန်းနိုင်သည်။
အသုံးပြုသူများသည် ရရှိလာသည့် အကြောင်းအရာများအား အခြားအသုံးပြုသူများနှင့် မျှဝေခြင်းသည် အပိုထပ်ဆောင်း ဒေတာကုန်ကျခြင်းကို ဖြစ်စေနိုင်သည်၊ အသုံးပြုသူများ၏ စက်များမှ အခြား Ceno အသုံးပြုသူများ၏ စက်များသို့ ကူးယူလာသည့် အကြောင်းအရာအတိုင်း အပိုထပ်ဆောင်းကုန်ကျနိုင်သည်။
ယခုအန္တရာယ်များကို တုန့်ပြန်ရန်အတွက် ကျွန်ုပ်တို့သည် Ceno အသုံးပြုသူများအတွက် BitTorrent ကွန်ရက်နှင် အလုပ်မလုပ်သည့် ဝန်ဆောင်မှုဖြစ်သည့် 'တစ်ကိုယ်ရည်သုံးမုဒ်' ကို ဖန်တီးထားသည်။ ယခုမုဒ်သည် BitTorrent တွင် ၎င်းတို့၏ လုပ်ဆောင်ချက်မှတ်တမ်း မကျန်ရစ်လိုသော အသုံးပြုသူများ အတွက် အကြံပြုပါသည်၊ ထို့နောက် စစ်မှန်ကြောင်း သက်သေပြရန်လိုအပ်သည့် ဝဘ်ဆိုက်လုပ်ဆောင်ချက်များအတွက်လည်း အကြံပြုလိုသည် (ဥပမာ၊ သင့် ဆိုရှယ်မီဒီယာအကောင့်များသို့ ဝင်ရောက်စဥ်၌)။
အများသုံးနှင့် တကိုယ်ရည်သုံးတပ်ဗ်များ ပြောင်းလဲမှုကို သင်လက်ရှိ အသုံးပြုနေသည့် ဘရောက်ဇာတွင် ပုံမှန်နှင့် သီးသန့်/ရုပ်ဖျက် တပ်ဗ်များ ပြောင်းလဲသည့် ပုံစံအတိုင်း သင် အလွယ်တကူ ပြောင်းနိုင်သည်။
ထိုးသွင်းစက်များသည် တောင်းဆိုချက်ပြုလုပ်သည့် အသုံးပြုသူ၏ IP လိပ်စာနှင့် လိုချင်သော အကြောင်းအရာပါဝင်သည့် ဝဘ်ဆိုက်နာမည်တို့ အပါအဝင် ကွန်ရက်ပေါ်ရှိ အကြောင်းအရာများအား တောင်းဆိုချက်ကို မြင်တွေ့နိုင်သည်။ ထိုးသွင်းစက်များသည် ဝဘ်အကြောင်းအရာအား ဗဟိုချုပ်ကိုင်မှုမရှိသည့် ကွန်ရက်သို့ မိတ်ဆက်ခြင်း နှင့် မိတ်ဆက်ထားသည့် အကြောင်းအရာများ၏ ပြည့်စုံမှုကို စစ်မှန်ကြောင်းစစ်ဆေးခြင်းတို့အတွက် လိုအပ်သော ကွန်ရက်အစိတ်အပိုင်းများ ဖြစ်သည်။ Ceno ကွန်ရက်တွင် ထိုးသွင်းစက်များအား အလုပ်လုပ်စေခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အား Ceno အသင်းမှ ဦးဆောင်သည်။ ကျွန်ုပ်တို့သည် ဝင်ရောက်ထားသည့် စာရင်းများအားလုံးကို အခါအားလျော်စွာ ဖျက်ပစ်သည်။
ပေါင်းကူးအဖြစ် ဆောင်ရွက်သူများအတွက် အန္တရာယ်များ
မည်သည့်အသုံးပြုသူမဆို ပေါင်းကူးတစ်ခုဖြစ်လာနိုင်သောကြောင့် ယခုလုပ်ဆောင်ချက်အတွက် ဖြစ်လာနိုင်သည့် အန္တရာယ်များကို ချင့်ချိန်စဉ်းစားပါ။
ပေါင်းကူးအဖြစ်ဆောင်ရွက်ပေးသူသည် ပေါင်းကူးမှတ်တမ်းများအား မမြင်ရပါ (သူတို့သည် အဝင်နှင့် အထွက် ချိတ်ဆက်မှုများအား ပုံသေ စောင့်ကြည့်မှု မလုပ်နေလျှင်)။ သူတို့၏ အလုပ်သည် အခြားသော Ceno အသုံးပြုသူများထံမှ ထိုးသွင်းစက်အား ဝင်ရောက်ခွင့်ရရန် ကွန်ရက်တောင်းဆိုချက်များကို လက်ခံရန်နှင့် ထိုတောင်းဆိုချက်များအား ပြန်ပို့ပေးရန် ဖြစ်သည်။
ပေါင်းကူးအဖြစ်ဆောင်ရွက်သူများသည် အလုပ်လုပ်နိုင်သော ပေါင်းကူးဖြစ်လာရန်အတွက် BitTorrent ကွန်ရက်တွင် ၎င်းတို့ စက်၏ IP လိပ်စာများကို စာရင်းသွင်းထားရလိမ့်မည်။
ပေါင်းကူးလုပ်ခြင်းသည် သင်ရှိနေသည့် ကွန်ရက်တွင် ဝင်ရောက်လာသည့် ဆက်သွယ်မှုများအတွက် ခွင့်ပြုထားမှသာ အလုပ်လုပ်သည်။ ၎င်းအား Ceno အသုံးပြုသူ အပ်ပ်ကို စတင်လိုက်ချိန်တွင် အလိုအလျောက် စစ်ဆေးပေးသည်။ ကြိုးမဲ့ မိုဘိုင်း ကယ်ရီယာ အများစုသည် ဝင်ရောက်လာသည့် ဆက်သွယ်မှုများအား ခွင့်မပြုပါ။
Ceno ဘရောက်ဇာအား မည်သူတို့ တီထွင်ခဲ့သနည်း။
Ceno သည် အကျိုးအမြတ် မယူသည့် ကနေဒါ အဖွဲ့အစည်း eQualitie မှ တီထွင်ခဲ့သော နည်းပညာတစ်ခုဖြစ်ပြီး ဆက်လက် ထိန်းသိမ်းပြုပြင်လျက်ရှိသည်။ ၎င်းတို့၏ Ouinet ကွန်ရက် စာကြည့်တိုက် အား Firefox Android ဘရောက်ဇာတွင် ပေါင်းစပ်ထားသည်။
eQualitie သည် တည်ရှိနေသော တစ်ဆယ့်နှနှစ်တာကာလအတွင်း၌ လွတ်လပ်စွာပြောဆိုခွင့်အား ကာကွယ်ရန်၊ သတင်းအချက်အလက် ဖလှယ်မှုအား လွယ်ကူစေရန်နှင့် အင်တာနက်ပေါ်တွင် မိမိကိုယ်ကို ထုတ်ဖော်ပြောဆိုခွင့်အား တိုးမြှင့်ရန်တို့အတွက် ကိရိယာများအား တီထွင်ခဲ့ပြီး အဆင့်မြှင့်တင်လျက်ရှိသည်။
သူတို့၏ အခြားသော ပရောဂျက်များထဲမှ တချို့မှာ Ouisync - ဗဟိုချုပ်ကိုင်မှုမရှိသည့် ဖိုင်မျှဝေခြင်း ဝန်ဆောင်မှု၊ Deflect - DDoS ကာကွယ်မှုအတွက် ကိရိယာ၊ Baskerville - စက်သင်ယူမှု(machine learning)ကို အခြေခံသည့် တိုက်ခိုက်မှု ခြေရာခံစနစ်နှင့် ဗဟိုချုပ်ကိုင်မှုမရှိသည့် ဖက်ဒရယ် ကွန်ရက် ဝန်ဆောင်မှုများကို တည်ဆောက်ရန်အတွက် dComms ပေါင်းစပ်မှု ကိရိယာစုံ တို့ ပါဝင်သည်။
VPN ကို အသုံးပြုခြင်းနှင့် Ceno ဘရောက်ဇာကို အသုံးပြုခြင်း၏ ကွာခြားချက်မှာ အဘယ်နည်း။
သင့်စက်နှင့် သွားရောက်လိုသည့် ဆာဗာကြားတွင် သီးသန့် ဆက်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် VPN များကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အင်တာနက်ဆင်ဆာဖြတ်တောက်မှုများသည် ကမ္ဘာတစ်ဝှမ်းတွင် မကြာခဏ ဖြစ်ပွားလျက်ရှိသောကြောင့် VPN ပံ့ပိုးသူများက ပြည်တွင်း ကွန်ရက် ကန့်သတ်ခံရမှုများကိုလည်း ကျော်လွှားနိုင်မည့် ဝန်ဆောင်မှုများကိုလည်း စတင် ကမ်းလှမ်းခဲ့သည်။ ယနေ့တွင် မြောက်များစွာသော VPN ပံ့ပိုးသူများက ၎င်းတို့၏ အသုံးပြုသူများအား ကူညီရန်အတွက် ပြည်တွင်း ကွန်ရက် ဆင်ဆာဖြတ်တောက်မှုများတွင် ချိတ်ဆက်နိုင်မည့် ရွေးချယ်စရာ အမြောက်အများကိုလည်း ကမ်းလှမ်းထားသည်။
VPN များသည် ၎င်းတို့၏ အသုံးပြုသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့် ဝဘ်ဆိုက်များအား တောင်းဆိုနေကြောင်းကို သိမြင်နိုင်သည်။ ဤကဲ့သို့ အလုပ်လုပ်ရန် ဖန်တီးထားခြင်းဖြစ်ပြီး အသုံးပြုသော VPN မှာ ယုံကြည်စိတ်ချရရန်လည်း လိုအပ်သည် (eQualitie တွင် Ceno ထိုးသွင်းစက်အဖြစ် အလုပ်လုပ်နေသူများအား ယုံကြည်စိတ်ချရရန် လိုအပ်ခြင်းနှင့် ဆင်တူသည်)။
VPN နှင့် Ceno ၏ ပထမဆုံး ကွာခြားချက်မှာ Ceno သည် သင်၏ ဝဘ်ဆိုက် တောင်းဆိုချက်များအားလုံးကို ဗဟိုချုပ်ကိုင်မှုမရှိသည့် ကွန်ရက်မှတဆင့် လမ်းကြောင်းပြပေးနိုင်ရန် ကြိုးပမ်းသည်။ ဝဘ်ဆိုက်တစ်ခုအား ကန့်သတ်ချက်များမရှိပဲ ရယူနိုင်သည့်အခါ Ceno သည် ၎င်းဝဘ်ဆိုက်အား သာမန် ဝဘ် ဘရောက်ဇာတစ်ခုကဲ့သို့ ရိုးရှင်းစွာ ချိတ်ဆက်ပေးလိမ့်မည်။ ထို့ပြင် Ceno အသုံးပြုသူများသည် အကြောင်းအရာများကို ယာယီသိမ်းဆည်းထားသည့်မှတ်ဥာဏ်တွင် သိမ်းဆည်းပြီး ၎င်းအကြောင်းအရာများအား အခြားသော အသုံးပြုသူမျာနှင့် အချင်းချင်း မျှဝေသည်။ ၎င်းသည် ဆင်ဆာဖြတ်တောက်မှုကို ကျော်လွှားနိုင်သည့် ဆက်သွယ်ရေးအဆုံးမှတ်များအတွက် များစွာသော တောင်းဆိုချက်များအား လျော့ကျစေပြီး အကြောင်းအရာများ ပို့ဆောင်နိုင်စွမ်းကိုလည်း တိုးတက်စေသည်။
Tor ကို အသုံးပြုခြင်းနှင့် Ceno ဘရောက်ဇာကို အသုံးပြုခြင်း၏ ကွာခြားချက်မှာ အဘယ်နည်း။
Tor ဘရောက်ဇာနှင့် မတူသောအချက်မှာ Tor ၏ အဓိက ရည်ရွယ်ချက်သည် အမည်လျှို့ဝှက်ပေးခြင်း ဖြစ်သော်လည်း Ceno ဘရောက်ဇာသည် အမည်လျှို့ဝှက်ပေးသည့် ကိရိယာတစ်ခု မဟုတ်ပါ။ Tor ၏ ကွန်ရက်တွင် ကွန်ရက် အသွားအလာလမ်းကြောင်းများသည် ကုဒ်ဖြင့်ပြောင်းလဲထားခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်းများ ကူညီလုပ်ကိုင်ပေးနေသည့် လက်ဆင့်ကမ်း ကွန်ရက်မှတဆင့် လမ်းကြောင်းရှာပေးသည်၊ ထို့နောက် အထွက် ဆက်သွယ်ရေးအဆုံးမှတ်၏ IP လိပ်စာမှတဆင့် ပေါ်ပေါက်လာရန် ဖြစ်ပေါ်စေသည်။ Tor သည် အင်တာနက် စောင့်ကြည့်ရေးနှင့် ဝဘ်ဆိုက် ပြုလုပ်သူများထံမှ ကိုယ်ရေးလုံခြုံမှုအတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်သည်။ အကယ်၍ ၎င်းအပ်ပ်သည် သင်၏ ကွန်ရက်ပတ်ဝန်းကျင်တွင် အလုပ်လုပ်ပါက ၎င်းအား အသုံးပြုရန် ကျွန်ုပ်တို့ တိုက်တွန်းလိုပါသည်၊ ၎င်းတို့၏ ပံ့ပိုးမှု စာရွက်စာတမ်းအားလည်း သင်ဖတ်ရှုပြီးဖြစ်မည်။
တဖန် တကိုယ်ရည်သုံးနှင့် အများသုံးတပ်ဗ်များ၏ ကွာခြားချက်မှာ အဘယ်နည်း။
အများသုံးတပ်ဗ်များသည် သင်လိုချင်သော အကြောင်းအရာအား ရယူရန်အတွက် Ceno ကွန်ရက်အတွင်းရှိ ရရှိနိုင်သည့် ချိတ်ဆက်မှုနည်းလမ်းများအားလုံးကို အသုံးပြုသည်။ အများသုံးတပ်ဗ်ကို အသုံးပြုပြီး ရှာဖွေသောအခါ အများသုံး BitTorrent ကွန်ရက်တွင် သင်၏လုပ်ဆောင်မှုမှတ်တမ်း ကျန်ရစ်သည် (သင်၏ IP လိပ်စာနှင့် သင်တောင်းဆိုသည့် ဝဘ်ဆိုက်)။ အများသုံးတပ်ဗ်ကို အသုံးပြုပြီး သင့်စက်တွင်ရရှိလာသည့် အကြောင်းအရာများသည် BitTorrent ကွန်ရက်မှတဆင့် အခြားသော Ceno အသုံးပြုသူများနှင့် မျှဝေထားသည်။
တကိုယ်ရည်သုံးတပ်ဗ်တွင် တောင်းဆိုလိုက်သည့် အချက်အလက်များနှင့် ရရှိလာသည့် အချက်အလက်များအား အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ မမျှဝေပါ။ သင်၏ လုပ်ဆောင်မှု မှတ်တမ်းများကိုလည်း BitTorrent တွင် မှတ်တမ်းတင်ခြင်း မရှိပါ။ ဆိုရှယ်မီဒီယာနှင့် အခြားသော အကောင့်များသို့ ဝင်ရောက်ခြင်းအတွက် တကိုယ်ရည်သုံးတပ်ဗ်များကို အသုံးပြုပါ။ Ceno ကို အသုံးပြုနေစဉ် BitTorrent ၌ သင်၏ ရှာဖွေမှု လုပ်ဆောင်ချက်များကို မပါဝင်စေလိုပါက တကိုယ်ရည်သုံးတပ်ဗ်များအား အသုံးပြုပါ။
iPhone သို့မဟုတ် Windows တို့အတွက် မည်သည့်အချိန်၌ ရရှိနိုင်မည်နည်း။
iOS နှင့် Windows တို့အတွက် Ceno ဘရောက်ဇာမှာ လက်ရှိတွင် စမ်းသပ်ဆဲဖြစ်သည်၊ ၂၀၂၄ ၏ နွေဦးတွင် မိတ်ဆက်နိုင်ရန် စီစဉ်ထားပါသည်။